20 May, 2014

သြစတေးလျပလပ်စ် ဥရောပခရီး (၅)





သြစတေးလျပလပ်စ် ဥရောပခရီး (၅)
========================
နယူးဆော့သ်ဝေးလ်ပြည်နယ်၊ ဆစ်ဒနီမြို့ အောချတ်လေးလမ်း၊အမှတ် (၆၅) ယင်နိုရာမြန်မာဘုန်းတော်ကြီးကျောင်းတွင် နှစ်ညကျိန်းစက်ပြီးကာမှ ဆရာတော်ဘုရားကြီးဒေါက်တာအရှင်ဇာဂရာဘိဝံသနှင့် အရုဏ်ဆွမ်းဘုန်းပေးခွင့်ရခဲ့သည်
ဆရာတော်ကြီး၏ လက်ထောက်ဖြစ်သူ အရှင်ပညိန္ဒက သူ့ဘွဲ့အမည်ကို လျှောက်ထား မိတ်ဆက်ပေးသည်။ ပြုံချိုစွာ အသိအမှတ်ပြုတော်မူ၏။ သက်တော်ကြီးရင့်ပြီဖြစ်သော်လည်း ကျန်းမာရေးက အထုးကောင်းမွန်ဆဲပင်..။

ရဟန်းငယ်တစ်ပါးအတွက် ပရိယတ္တိနယ်ပယ်က ဖြစ်စေ၊ ပဋိပတ်ရပ်ဝန်းကဖြစ်စေ အားကျဖွယ်ရာဆရာတော်ကြီးများ၏ ပုံရိပ်အချို့ ရှိနေခဲ့ပါသည်။ ဒေါက်တာအရှင်ဇာဂရ၏ ကိုယ်ပိုင်ပဋိပတ်က သိုသိပ်အပ်သောအရာဖြစ်၍ မှန်းဆမမြင်နိုင်သော်လည်း ပြောင်ပြောင်ဝင်းဝင်းရှိလှသော ပရိယတ္တိစွမ်းရည်ကတော့ မော့ကြည့်ထိုက်အောင် မြင့်မြင့်မားမားရှိနေခဲ့ပါသည်။

တိဘက်တက္ကသိုလ်တွင် ပါဠိစာပေဆိုင်ရာဧည့်ပါမောက္ခအဖြစ်ထမ်းဆောင်ခွင့်ရခဲ့သည့်အခါ ဆရာတော်ကြီးအရှင်ဇာဂရ၏ တပည့်ဖြစ်သူ ပါမောက္ခ ဆူရိန္ဒရာကူးမားရ်နှင့် တွဲဖက်လုပ်ရသည့်အတွက် ဆရာတော်ကြီးအကြောင်း ပိုမိုသိရသည်။ မစ္စတာဆူရိန္ဒရာက နာလန္ဒတက္ကသိုလ်ကျောင်းဆင်းဖြစ်ပြီး ဆရာတော်ကြီးအရှင်ဇာဂရ၏ ကြီးကြပ်မှုဖြင့် ပါရဂူဘွဲ့ရခဲ့သည်။ ဆရာတော်ကြီးကို သက်ရှိလမ်းလျှောက်အဘိဓာန်ကြီး(Living Walking Dictionary)ဟု တင်စားခေါ်ဝေါ်သည်။ ပိဋကတ်ဆိုင်ရာဝေါဟာရတစ်ခု သို့မဟုတ် ဗုဒ္ဓဓမ္မဆိုင်ရာသုတတစ်ခု မရှင်းလင်းသည့်အခါ ဆရာတော့်အခန်းတံခါးခေါက်လိုက်လျင် အဘိဓာန်နှင့် စွယ်စုံကျမ်းများ လှန်လှောဖွယ်မလိုဘဲ သိနိုင်သည် တဲ့..။

ကမ္ဘာ့သာသနာပြုမြန်မာဆရာတော်ကြီးများတွင် ပညာရောင်ဖြင့် ကမ္ဘာ့စာမျက်နှာတွင် ထွန်းပနိုင်သည့် ဦးသေဋ္ဌိလ၊ ဒေါက်တာအရှင်ရေ၀တဓမ္မတို့နှင့် တွဲဖက်၍ ဒေါက်တာအရှင်ဇာဂရကို သိကျွမ်းခဲ့ရ၏။ နိုင်ငံခြားတွင် ဆင်းရဲပင်ပန်းစွာ အခြေချလျက် ဗုဒ္ဓအဘိဓမ္မာနှင့် ပါဠိပိဋကတ်ပြန့်ပွားရေးကို တစိုက်မတ်မတ်ရွက်ဆောင်တော်မူသည့်ဆရာတော်ကြီးများကို ငယ်စဉ်ကပင် ကြည်ညိုလေးမြတ်ခဲ့ပါသည်။


 

အမှန်တကယ်ပင် ထိုဆရာတော်ကြီးများ၏ ပညာအရည်အသွေးက ရွှေပြည်ကြီးမှာသာ သီတင်းသုံးမည်ဆိုလျင် မြင့်မားပြည့်စုံသောရွှေကျောင်းကြီးများဖြင့် ခမ်းနားဝင့်ထယ်စေနိုင်လောက်သည်.။ သို့သော် ထိုအခွင့်အရေးများကို လွှတ်ချကာ ဘာသာခြားလူမျိုးခြားများအလယ်တွင် စွန့်ဦးတည်ထွင်ရသော သာသနာပြုလမ်းကြောင်းကို ရွေးတော်မူခဲ့ကြသည်။

ဆရာတော်ကြီးအရှင်သေဌိလကိုလည်း ရှင်ငယ်ဘ၀က ခပ်ဝေးဝေးမှ လှမ်းမျှော်ဖူးခွင့်ရခဲ့သည်။ ဒေါက်တာအရှင်ရေ၀တဓမ္မ အင်္ဂလိပ်ဘာသာဖြင့် ပို့ချသော ၀ိပဿနာတရားကိုလည်း ကိုယ်တိုင်နာခဲ့ဖူးပြီ။ ယခုတော့ သူသည် လက်ရှိတာဝန်ထမ်းဆောင်ဆဲပါဠိဧည့်ပါမောက္ခငယ်ဘ၀ဖြင့် နာလန္ဒာတက္ကသိုလ်ပါဠိပါမောက္ခဟောင်းဆရာတော်ကြီး အရှင်ဇာဂရနှင့် အတူ ဆစ်ဒနီအရုဏ်ဆွမ်းကို ဘုန်းပေးခွင့်ရလေပြီ။

အရှင်ဇာဂရက သာယာဝတီခရိုင်၊မင်းလှမြိုအပိုင် အိုးသည်ကုန်းနယ် ကျည်းဖြူရွာဇာတိဖြစ်သည်။
၁၉၂၅ ခု၊ သြဂုတ်လ (၁၀) ရက်တွင် ဖွားမြင်တော်မူသည့်အတွက် သက်တော်ကိုးဆယ်နီးပါးရှိလေပြီ။ မြန်မာနိုင်ငံတွင် အဆင့်မြင့်ပရိယတ္တိစာမေးပွဲများဖြစ်သည့် သကျသီဟ၊ စေတီယင်္ဂဏနှင့် အစိုးဓမ္မာစရိယတန်းများကို ထိပ်တန်းမှ အောင်မြင်ခဲ့သည်။
အစိုးရဓမ္မာစရိယတန်းတွင် ဂုဏ်ထူးဆောင်ကျမ်းများနှင့်တကွ တစ်နိုင်ငံလုံးပထမစွဲကာ အောင်မြင်တော်မူသည့်အတွက် အဂ္ဂမဟာအကျော်ဘွဲ့နှင်းအပ်ခံရသည်။ ဓမ္မာစရိယဆရာတစ်ဆူဖြစ်သော်လည်း ပညာမရောင့်ရဲတတ်သည့် အရှင်ဇာဂရက ပခုက္ကူဆရာအဆူဆူထံတွင် အထက်တန်းပိဋကတ်စာပေများကို အလွတ်သဘောလေ့လာတော်မူခဲ့သည်။

ထိုမှ သီရိလင်္ကာနိုင်ငံတွင် ခြောက်နှစ်တာ ဘာသာစကားနှင့် သာသနာနှင့် ကမ္ဘာ့ဗဟုသုတအထွေထွေကို ဆည်းပူးခဲ့၏။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားးရောက်သည့်အခါမှာတော့ အရှင်ဇာဂရဘ၀တစ်ဆစ်ချိုးပြောင်းသွားတော့သည်။ အသစ်ဖွင့်လှစ်တည်ထောင်လျက်ရှိသော နာလန္ဒတက္ကသိုလ်အသစ်က အရှင်ဇာဂရကို အနာဂတ်ပါဠိဂုရုလောင်းလျာအဖြစ် ကြိုဆိုနေခဲ့သည်။
ထိုတက္ကသိုလ်မှာပင် ၀ိဇ္ဇာတန်း၊ မဟာဝိဇ္ဇာတန်းနှင့် ပါရဂူဘွဲ့တို့ကို အောင်မြင်ဆွတ်ခူးခဲ့သည်။
မြန်မာရဟန်းတော်များတွင် ပထမဆုံးဒေါက်တာဘွဲ့ရရဟန်းတော်များအဖြစ် အရှင်ရေ၀တဓမ္မနှင့်အတူ ထင်ရှားလာပါသည်။ ထို့နောက် ထို့နောက်တွင် တက္ကသိုလ်စာသင်ခန်းများ၊ နိုင်ငံတကာညီလာခံများ၊ ဓမ္မစင်မြင့်များ။ ယခု ဆစ်ဒနီမြန်မာကျောင်းတွင် အေးချမ်းစွာ သီတင်းသုံးတော်မူသည်အထိ ကာလများ...။

ဆရာတော်ကြီး၏ တည်ငြိမ်းအေးချမ်းလှသော မျက်နှာတော်ဖူးရင်း အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာပဲ ဟု သူကျေနပ်မိသွားသည်။ ကိုယ်မိတ္တူကူးလိုသည့် မူရင်းကြီးကို တွေ့နေရသည်မဟုတ်လား...။ နိုင်ငံခြားသာသနာပြု၊ ဘာသာစကား၊ တက္ကသိုလ်ဆရာ၊ ဒေါက်တာဘွဲ့ စသော ဝေါဟာရအချို့ကို သူ တစ်စွန်းတစ်စ မိတ္တူပွားထားနိုင်ပြီ။ ဆရာတော်ကြီး၏ သီလသမာဓိပညာ သိက္ခာသုံးရပ်ကတော့ ဆိုက်ဒ်ကြီးလွန်းနေသေးသည်။ မိတ္တူကူးဖို့ ဖိုလ်ဒါ(Folder)အသစ်ဖွဲ့ရဦးမည်


No comments: