21 January, 2013

မစိုးရိမ်နိဒါန်း




(၁)
မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး အရှင်ရာဇဓမ္မာဘိဝံသ၏ သက်တော်(၇၅)နှစ်ပြည့်အထိမ်းအမှတ်သြ၀ါဒကထာများ စာအုပ်ကြီးကို ဗာရာဏသီဆောင်းတစ်ည ဖတ်ခွင့်ရခဲ့သည်တွင် မစိုးရိမ်အလွမ်းဆောင်းပါးအချို့ကို ရေးဖြစ်ခဲ့သည်။ အင်တာနက်စာဖတ်ပရိသတ်၏ အားပေးမှုကို ရခဲ့၏။
ဆက်ရေးချင်စရာအတွေးများ အုံကျင်းဖွဲ့နေသည့်တိုင် အခြားအားထုတ်ဖွယ်ကိစ္စများနှင့် ရှုပ်ထွေးကာ ကီးဘုတ်နှင့် မစိုးရိမ်အတွေး ဝေးနေခဲ့ရသည်။

သို့သော် မိတ်ဆွေရဟန်းတော်အချို့က စာအုပ်လေးအဖြစ်ဖန်တီးပေးလျှင် အွန်လိုင်းနှင့် ထိတွေ့ခွင့် မရနိုင်သည့် စာဖတ်ပရိသတ်အတွက် အကျိုးများနိုင်သည် ဟု သညာပေးကြသဖြင့် လွန်ခဲ့သောနှစ်က ကျောင်းဒကာလှသီတာမိသားစု၏ မတည်အလှူငွေနှင့် မိတ်ဆွေရဟန်းတော်အရှင်ညာဏိန္ဒ(ထေရ၀ါဒတက္ကသိုလ်)၏ စီမံမှုဖြင့် ဘုတ်အုပ်ပါးပါးလေးအဖြစ် ထုတ်ဝေခဲ့ဖူးသည်။

စာဖတ်သူများလက်ထဲ စာအုပ်လေး၏ စီးပျံ့နှုန်းမည်မျှ ရှိသည်မသိရသော်လည်း အကြည်နူးရဆုံးဆုလဒ်တစ်ခုအဖြစ် ဆောင်းပါးများ၏ အဓိကပုဂ္ဂိုလ်ကျေးဇူးရှင်မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးအား
ထိုစာအုပ်လေးကို ဆက်ကပ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

အံ့သြဖွယ်ကောင်းစွာ ဆရာတော်ကြီးက မူရင်းဆောင်းပါးများကို (တပည့်ဥပါသိကာတစ်ဦးက ဒေါင်းလုဒ် (Download)ဆွဲဆက်ကပ်သဖြင့် )ဖတ်ရှုပြီးဖြစ်နေခြင်းပင်..။ ခေတ်မီတော်မူပါပေစွ..။
လွန်ခဲ့သောနှစ်က ဆရာတော်ဘုရားကြီးကို ၀င်ရောက်ဂါရ၀ပြုမိချိန် ''မင်းလားကွ ဓမ္မဂင်္ဂါ'' ဟူသော နှုတ်ခွန်းဆက်စကားတော်သည်လည်း
လွန်မင်းစွာ ချီးမြှောက်လိုက်ခြင်းဟု ဂုဏ်ယူပီတိဖြစ်ရပါသည်။

(၂)
မစိုးရိမ်အ၀န်းအ၀ို်င်းက မြတ်နိုးစရာကောင်းပါသည်။ လွတ်လပ်စွာ ပညာသင်ကြားလိုသော စာသင်သားရှင်ပျိုရဟန်းပျိုများအတွက် အနှောင်အဖွဲ့ကင်းလှသော ရိုးရာစာသင်တိုက်ကြီးတစ်တိုက်ဖြစ်သည်။ အရည်အချင်းကိုသာ ထက်အောင်သွေးနိုင်လျင်
ထိုက်သူယူစေ စနစ်ကို အတိအကျကျင့်သုံးသောကြောင့် အနာဂတ်သေသေချာချာရှိသောအဖွဲ့အစည်းတစ်ရပ်အဖြစ်လည်း ကိုးစားနိုင်ပါသည်။
ရာစုသစ်စီးကြောင်းထဲ နောက်ကျမကျန်ရစ်ဖို့  စနစ်သစ်ပရိယတ်ပညာရေးစီမံကိန်းများကို စမ်းသပ်မိတ်ဆက်ပေးနေပြီ ဟု သိရသည့်အတွက် သာသနာ့ခံတပ်ကြီးအဖြစ်သာမက ရှေ့တန်းချီသာသနာ့တပ်တော်ကြီးအဖြစ်လည်း အားတက်စရာမြင်တွေ့ရပြန်ပါသည်။

ဤစာစုများကို ရေးဖြစ်ခဲ့ခြင်း၏ အဓိကအကြောင်းတရားသည် မစိုးရိမ်ပရိဝုဏ်အတွင်း နှစ်ပေါင်းရာချီကြာအောင် ကျင့်သုံးအောင်မြင်ခဲ့ပြီးသည့် မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးသူရိယချမှတ်လမ်းပြတော်မူခဲ့သည့် ထပ်တူနေရာပေးတတ်ခြင်းသမာနတ္တတာသင်္ဂဟတရားမြတ်ကို ပူဇော်လိုခြင်းပင်ဖြစ်ပါသည်။

ယနေ့သာသနာ့နယ်ပယ်တွင် ပရိယတ်ဖြစ်စေ၊ ပဋိပတ်ဖြစ်စေ ကျော်ဇောထင်ရှားသည့်
ဆရာတော်ကြီးများ မျက်ကွယ်ပြုသွားသည်နှင့် ရုတ်တရက်ပြိုကျပျက်စီးသွားသောကျောင်းတော်ကြီးအချို့ကို နှမျောဖွယ်ရာ မြင်တွေ့ ကြားသိကာ သံဝေဂယူဖူးကြပါလိမ့်မည်။ ဆရာတော်ကြီးများက သက်ရှိထင်ရှားကာလတွင် ပုခုံးအနားထား အားကိုးရလောက်သည့် ဆက်ခံသူကို မရွေးချယ်ခဲ့ခြင်း (သို့မဟုတ်)အရွေးချယ်ခံပုဂ္ဂိုလ် မမွေးမြူနိုင်ခဲ့ခြင်း ချို့တဲ့ခဲ့သည်မှာ ထင်ရှားလှသည်။ မစိုးရိမ်တွင် ထိုကဲ့သို့သော အားနည်းချက်မရှိပါ။
အရည်အသွေးရှိအောင် မွေးမြူကာ နေရာပေးအပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် ကတိက၀တ်စာတမ်းကြီး ခိုင်ခိုင်မာမာရေးဆွဲထားလေသည်။ ပုဂ္ဂိုလ်ရေးခင်မင်မှု၊ဆွေမျိုးသံယောဇဉ်စသောအရာများကြောင့် နေရာပေးခြင်းက အဖွဲ့အစည်း၊ဂိုဏ်းဂဏနှင့် နိုင်ငံအုပ်ချုပ်ရေးများကို အဓိက ဆွေးမြေ့ကြေမွသွားစေနိုင်သည့် သံချေးတက်လွယ်သော အရာအစစ်ဖြစ်သည်။
မစိုးရိမ်သည် သံချေးမတက်သေး…။

(၃)
မကြာမီမှာ မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး သက်တော်(၈၀)ပြည့်တော်မည်။
နှစ်ပေါင်းများစွာ ပရိယတ္တိစာပေသီလကို ဖြည့်ကျင့်တော်မူခဲ့သည့် ဆရာတော်ကြီးအား ထောင်ပေါင်းများစွာသော တပည့်များက ထိုက်တန်သောဂုဏ်ပြုခြင်းဖြင့် ပူဇော်ကြလေမည်။ ဆရာမြတ်၏ ခြေမှုန်ကို အတူနမ်းရှိုက်ခဲ့ကြဖူးသူ တပည့်ဟောင်းတပည်သစ်များ ပြန်ဆုံကြမည့် ညနေကိုပင် သတ်မှတ်ခဲ့ကြပြီ။
ထိုသို့သော ညနေဆီ စိတ်စောနေခဲ့၏။ ငယ်မူငယ်သွေးနေ့ရက်များအကြောင်း မိတ်ဆွေရဟန်းတော်များနှင့် အထွေထွေသာကစ္ဆာဖြစ်ကြဦးမည် ထင်ပါသည်။

ထိုသို့သော ညနေအတွက် အမှတ်တရအဖြစ် မစိုးရိမ်အလွမ်းစာစုလေးများကို စာအုပ်အဖြစ် ဝေငှချင်သည်။
သို့ဖြင် ဤဘုတ်အုပ်ငယ်လေးကို စီစဉ်ဖြစ်ပါသည်။
သြစတေးလျနိုင်ငံ၊ဆစ်ဒနီမြို့တော်မှ ဥပါသိကာဒေါ်သီတာဆွေက စာအုပ်ရေ(၄၀၀၀)ရိုက်နှိပ်လှူဒါန်းရန် ကုသိုလ်တာဝန်ယူမည်ဖြစ်၍ စိတ်လက်ပေါ့ပါးစရာကောင်းလှသည်။

နေရီရီစာအုပ်တိုက်ပိုင်ရှင် ဒေါ်နီနီနိုင်ကတော့ လေးမြတ်ဖွယ်ကောင်းလှသည့် မစိုးရိမ်သာသနာ့အရေးအရာများကို အများသူငါ ကြည်ညိုခွင့်ရအောင် ဖြန့်ချီခွင့်ပေးဖို့ လျှောက်ထားပြန်ပါသည်။
စာရေးဆရာတစ်ဦးအနေဖြင့် ကိုယ့်ရေးထားသည့်စာပေလက်ရာကို များများဖတ်လေ..များများကြိုက်လေဥပါဒါန်ပိုးက ကိုက်တတ်လေသမို့ ကန့်ကွက်ဖွယ်အကြောင်းမမြင်။

ဤစာအုပ်ငယ်လေးနှင့် ပတ်သက်၍
မစိုးရိမ်အလွမ်းစာစုများရေးသားရန် အကြံပေါက်စေသော  
မစိုးရိမ်တိုက်သစ်ဆရာတော်ဘုရားကြီး၏ စိန်ရတုသြ၀ါဒကထာများဘုတ်အုပ်ထူထူကြီးကို ဖန်တီးပုံဖော်ခဲ့သည့် မစိုးရိမ်တိုက်သစ်နာယကဆရာတော်အရှင်က၀ိန္ဒာဘိဝံသအား မှတ်တမ်းတင်အပ်ပါကြောင်းနှင့် မစိုးရိမ်တိုက်သစ်တွင် ပညာသင်ကြားခွင့်ရစေရန် စီမံအပ်နှံပေးခဲ့ရုံသာမက အစစအရာရာစောင့်ရှောက်တော်မူခဲ့သည့် ကျေးဇူးရှင်ဆရာမြတ် အရှင်ဇနက(ကြာပို့ရွာ၊ခင်ဦးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး)အား
 လေးမြတ်စွာ ဂါရ၀ပြုလိုက်ပါကြောင်း...။

ဓမ္မဂင်္ဂါ
@အရှင်ဝိစိတ္တသာရ
ဧည့်ပါမောက္ခ
ပါဠိစာပေဌာန
ဗဟိုတိဘက်လေ့လာရေးတက္ကသိုလ်
ဗာရာဏသီမြို့၊အိန္ဒိယနိုင်ငံ
(စာအုပ်မိတ်ဆက်နိဒါန်း..... )

No comments: