22 October, 2011

ခွဲခွာချိန်

ထင်ညီမင်းစံ
ကိုလ်ကတ္တားမြိုတော်၊ဆူဘတ်ချန္ဒရာဘို့စ်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ပြည်တွင်း ထွက်ခွာဆောင်တွင် သူ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က မိခင်ဖခင်တို့ကို ပြည်ပထွက်ခွာဆောင်တွင် နှုတ်ဆက်စကားဆိုခဲ့ရသည်။ ဘယ်နှစ်ကြိမ်မြောက်ခွဲခွာခြင်းလည်း သူ မမှတ်မိတော့ပါ..။ မိခင်ကြီး၏ ပုခုံးသားကို ဖွဖွလေး ပုတ်မိတော့ သူ့နှလုံးသားက လှိုက်သွားသည်။ မိခင်ကြီးကတော့ မရှိုက်မိအောင် ထိန်းထားဟန်ရှိသည်..။

အစွမ်းကုန် ပြုံးထားကြသည့်တိုင် ဝေဒနာက္ခန္ဓာလှိုင်းတံပိုးများက တ၀ုန်းဝုန်းတိုးဆောင့်နေကြသည်။
' ဟဲ့ မိဒါရဲ့ နင့်အကိုဦးဇင်းမှာ သုံးစရာပိုက်ဆံရော ရှိသေးရဲ့လား လှူခဲ့ဦးဟဲ့..'' မိခင်က သူ့နှမငယ်ကို စကားတွန့်ထပ်အောင် ပြောသည်။

'' လိုမှပဲ မှာတာပေါ့ ခု သုံးဖို့ ရှိပါသေးတယ်'' ..။ သူက ၀မ်းနည်းနေသည့်ကြားကပင် ဘုန်းကြီးညာဉ်လေးကို မဖျောက်..။ မလိုဘူးဟု အပြတ်မပြောဘဲ နောက်တစ်ခါ မှာစရာရှိရင် အလွယ်တကူမှာရအောင် မယုတ်မလွန် ပြောထားလိုက်သေးသည်။

ဒီလို ခွဲခွာရမယ့် အချိန်မျိုးမှာ သူ့နှမလေးက သူ့အပေါ်စေတနာပိုနိုင်သည်မဟုတ်လား..။ (:D) ''တကယ်မှာနော် ဦးဇင်း'' သူ့နှမလေးက ကတိအထပ်ထပ်ပေးရှာသည်။

သူ့ဖခင်ကြီးက'' ကျောင်းပြီးရင် မြန်မြန်သာ ပြန်ခဲ့ပါတော့ မောင်ပဇင်းရယ်..'' ဟု ပြောရင်း တစ်ဘက်ကို လှည့်သွားသည်။ စစ်ဆေးရေးဂိတ်များဖွင့်နေပြီ..။ ခရီးစဉ်ဦးဆောင်သူ မိတ်ဆွေရဟန်းတော် ရှင်ညာဏိန်က '' ကဲ တွေ့ကြသေးတာပေါ့.." ဟု တစ်ခွန်းတည်းပြောကာ စစ်ဆေးရေးဂိတ်ဆီ ခြေလှမ်းပြင်လိုက်သည်..။ တူတော်မောင် ထင်ညီမင်းစံက ''ဦးကြီးဇော် သွားပြီနော်..' တဲ့..။

ဒီပုဂ္ဂိုလ်လေးက သူ့ကို အားကျကာ သင်္ကန်းဆီးချင်နေသည်..။ သူ့တွင် သူ့ညီအကို အမနှမများက မွေးထားသော မျောက်လောင်းလေးပေါင်း (၁၁)ယောက်တိတိရှိသည်။ တက္ကသိုလ်ဝင်တန်းမအောင်မချင်း သင်္ကန်းမ၀တ်ရ ဟု သူက ဗီတိုသုံးထားသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးလျင်စိတ်ကြိုက်ရွေးချယ်ကြစေ..။ လောကီဘောင်မှာ မွေ့မလား..။
လောကုတ္တရာချောင်မှာ လေ့မလား..။
(၁၆)နှစ် အရွယ်သည် ရှင်ရဟန်းဘောင်သို့ ၀င်၍ ပညာသင်လျင် ထက်မြက်လျင်မြန်သည့် ဥာဏ်အဟုန်စီးဆင်းမှုရှိသော အကောင်းဆုံးအရွယ်ဟုထင်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်ထိ သင်ယူပြီးသော ၀ိဇ္ဇာသိပ္ပံအတွေးခေါ်များက ဗုဒ္ဓအရှင်၏ အဘိဓမ္မာကို အလွယ်တကူ နားလည်စေနိုင်လိမ့်မည်..။ မြန်မာနိုင်ငံနိုင်ငံ၏ ပါဠိပညာရေးတွင် အခြေခံတန်း သုံးတန်းသာရှိလေရာ နှစ်ချင်းပေါက်အောင်မြင်သွားလျင် ရဟန်းမဖြစ်မီ ဓမ္မာစရိယ(စာချ)တန်းသို့ တက်လှမ်းနိုင်ပေလိမ့်မည်။

အကယ်၍ ရဟန်းမခံမီသာသနာ့ဘောင်တွင် မပျော်ပိုက်သောကြောင့် လူဝတ်ကြောင်ဘ၀သို့ ရွေ့လျောမည်ဆိုလျင်လည်း ၀ိဇ္ဇာ သိပ္ပံတက္ကသိုလ်တစ်ခုခုသို့ အချိန်မရွေးပြန်လည်တက်ရောက်နိုင်သည်..။( လေးနှစ်လောက် သာသနာ့ဘောင်မှာ နေကြည့်လျင် ကိုယ်ဘာကောင်ဆိုတာ သိသွားနိုင်သည်မဟုတ်လား...။း) )

ငယ်စဉ်လူမမယ်ဘ၀က သာသနာ့ဘောင်ထဲသို့ ရောက်လာသော သူ့လို ရဟန်းတစ်ပါးအနေဖြင့်တော့ သာသနာချစ်စိတ်တစ်ခုတည်းဖြင့် ကျဉ်းမြောင်းလွန်းစွာ ရေးဆွဲထားသော ပါဠိပညာရေးစနစ်၏ ချွတ်ယွင်းပျက်ကွက်မှုကို မြင်နေခဲ့ပါသည်။

မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအရ ဗုဒ္ဓဘာသာမိဘများက သာသနာ့အမွေခံကြီးများဖြစ်ချင်ကြသလို သားသမီးများကလည်း မိဘကျေးဇူးကို ဓမ္မဖြင့် ကျေးဇူးဆပ်လိုကြသည် (ဟု ထင်ရသည်။) ထို့ထက်အလွန် ရွာဦးဘုန်းတော်ကြီးများ၏ ကျွမ်းကျင်သော သာသနာပြုခြင်းကလည်း သာသနာ့အမွေခံစိတ်ဓါတ်ကို များစွာ အထောက်အကူပြုခဲ့ပါလေသည်။

ဘုန်းတော်ကြီးကျောင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်လာသော ကလေးငယ်များကို ရွှေကျောင်းပျော်လေးတွေ ဖြစ်အောင် စည်းရုံးနိုင်ခဲ့ကြသည်။ မိဘဆွေမျိုးများကလည်း ''ကိုရင်လေး'' လို့ ခေါ်ရင် '' ဒကာကြီး'' လို့ ထူးနော် ဆိုတာမျိုးဖြင့် ကလေးငယ်၏ စိတ်ကို အရောင်တင်ပေးသည်။ လက်အုပ်ချီမိုးရှိခိုးခံရခြင်းနှင့် မုန့်အမျိုးမျိုး ပိုစားရခြင်းကလည်း ကလေးငယ်၏ ဘ၀င်ကို လေဟတ်စေသည်။

မည်သို့ဖြစ်စေ သူကိုယ်တိုင်လည်း ရွာဦးကျောင်းဆရာတော်၏ သာသနာပြုခြင်းကို ခံလိုက်ရပါသည်။ (ထိုသို့ပင် အစဉ်အဆက်သာသနာပြုခြင်းကို ခံယူခဲ့ကြရဟန်တူပါသည်။) လောကုတ္တရာဘောင်သို့ စောစီးစွာ ၀င်ရောက်ခဲ့ရခြင်းကို သူဂုဏ်ယူသော်လည်း ဘ၀တစ်ခုလုံးအတွက် အာမခံချက်မရှိသော ပညာရေးကိုတော့ စိတ်ပျက်မိလေသည်။ လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။ ဘ၀တစ်လျောက်လုံး သာသနာ့ဘောင်တွင် နေပါမည် ဟု အာမခံ၍ မရနိုင်ပေ..။

လူမမယ်ဘ၀ဖြင့် ရှင်သာမဏေဖြစ်လာချိန်မှစကာ လောကုတ္တရာစာပေသက်သက်မျှကိုသာ သင်ယူခဲ့ကြရသည်။ ၀ိဇ္ဇာ သိပ္ပံ သမိုင်း ပထ၀ီ သင်္ချာ အင်္ဂလိပ်စသော လူ့အခွင့်အရေးရှိသူတစ်ဦးတတ်သင့်တတ်ထိုက်သည့် ခေတ်ပညာရပ်တို့တွင် မျက်စိပိတ်နားပိတ်ဖြစ်ခဲ့ရသည်။

စင်ကာပူနိုင်ငံသူအမျိုးသမီးတစ်ဦးကတော့ သူဘယ်အရွယ်မှာ သင်္ကန်းဝတ်သလဲ ဟုမေး၍ အတိအကျဖြေလိုက်သောအခါ ''လူ့အခွင့်အရေးချိုးဖောက်ခံရတာပဲ '' ဟု လုပ်ချလိုက်သဖြင့် သူခေါင်းကြီးသွားသည်။မိဘဆရာသမားများ၏ ဗြဟ္မစိုရ်တရားကို သူ နည်းနည်းလေးမှ သံသယမဖြစ်သလို ဘယ်တုန်းကမှလည်း မပြစ်မှားဖူးပါ။ သူ မျှော်လင့်သည်က မူဝါဒပြုပြင်ရေးသမားများ၏ အမြော်အမြင်ကြီးသော အပြောင်းအလဲကို ဖြစ်သည်။

ဆယ်ကျော်သက်အရွယ် (ဆိုပါစို့ ၁၆ နှစ်)တွင် ကိုရင်ငယ်လေး၏ အတွေးအမြင်ခံစားမှုတို့က လောကီကို ညွတ်လိုသည်။ ကဗျာကို ခံစားလိုသည်။ ဂီတကို နှစ်သက်သည်။ ဘာသာစကားအသစ်တွေ သင်ယူချင်သည်။ လူငယ်လေးတစ်ဦး၏ ဝေဒနာက္ခန္ဓာညွတ်နူးမှုမျိုးက ဒဂုန်တာရာကြီး၏ ဝေါဒစ္စနေးအပြာဖြစ်လာသည်။

ကဲ လူဝတ်ကြောင်ဘ၀သို့ ကူးပြောင်းချင်လျင် ကိုရင်လေးအောင်မြင်ထားသော ပထမငယ်၊ ပထမလတ်၊ ပထမကြီးဟူသော အာပေါက်အောင် အော်ခဲ့ရသည့် ပရိယတ္တိစာပေများကို မည်သည့်ပညာရေးနှင့် ချိတ်ဆက်ပေးမည်နည်း..။ ဓမ္မာစရိယအောင်ပြီး လူထွက်လျင်ပင် '' ရေးတတ် ဖတ်တတ် '' ထက် မပိုသော အသိအမှတ်ပြုမှုကိုသာ ခံယူရတတ်သည် ဟုသိရသည်.။ စိတ်ပျောင်းလွယ်သည့် အရွယ်တွင် မိဘများကလည်း ပညာရေးတစ်ပိုင်းတစ်စဖြင့် ယောင်ချာချာအိမ်ပြန်ရောက်လာမည့် သားကို မမြင်ရက်ကြပါ...။

ထိုသို့ဖြင့် သာသနာ့ဘောင်တွင် သဒ္ဓါတရားကြဲကြဲဖြင့် မြဲမြံနေကြရသော မိတ်ဆွေရဟန်းတော်များကို သူ သိလာရပါသည်။ သဒ္ဓါတရားက ကြဲရသည့်ကြားထဲ ပညာအားကလည်း နည်းကြဦးမည်ဆိုလျင် သာသနာအတွက် ဘယ်လောက်များ ၀န်ထုပ်ဝန်ပိုးကြီးလိုက်မလဲ..။

အကယ်၍ (လောကုတ္တရာပညာများတတ်ပွန်ပြီးကာမှ) လူထွက်သွားကြမည်ဆိုလျင်လည်း နိုင်ငံအတွက် အသိပညာရှင်များ ဆုံးရှုံးသွားရပြန်သေးသည်။ အသက်မွေးဝမ်းကြောင်းအတွက် ဓမ္မအသိပညာက အာမခံချက်မပေးနိုင်တော့သောအခါ ကာယလုပ်သားဘ၀ဖြင့် ရပ်တည်နေကြရသောမဟာဓမ္မာစရိယနှင့် ပိဋကတ်တစ်ပုံဆောင် စသည့် မိတ်ဆွေရဟန်းလူထွက်အချို့ကို မြင်တွေ့ရသဖြင့် စိတ်မသက်မသာဖြစ်ရသည်။

သူကိုယ်တိုင်သည်ပင်လျင် ပညာတတ်ညာဉ်လေးဖြင့် သာသနာ့ဝန်ကို တအိအိထမ်းနေရခြင်းဖြစ်သည်။ သို့ဖြင့်ပင် တူတော်မောင်များ၏ သာသနာ့ဘောင်စောစောဝင်ရေးကို (ခေတ်မီပါဠိပညာရေးစနစ်ဖြစ်မလာသမျှ) ခွင့်မပြုရန် ဗီတိုသုံးထားရခြင်းဖြစ်လေသည်..။

ဆယ်ကျော်သက်အရွယ်မှာ ရင်ခုန်ကြ..ဂီတအသစ်တွေနဲ့ စီးမျောကြ....။

သဒ္ဓါတရားက နှလုံးသားကို လူးလွန့်စေချိန်မှာ ဓမ္မကို ရှာမှီးကြစေ..။ လောကီလည်း မဆုံးစေနဲ့...။ လောကုတ္တရာလည်း မရှုံးကြစေနဲ့...။

တူတော်မောင် ထင်ညီမင်းစံ၏ ခေါင်းကို သာသာပုတ်ကာ နှုတ်ဆက်လိုက်သည်.။ မင်းကို သာသနာပြုဖို့ စောပါသေးတယ်ကွယ်..။

မဃဒေ၀လင်္ကာသစ်ကဗျာတစ်ပိုဒ်ကို မစိုးရိမ်ဆရာတော်ကြီး မကြာခဏရွတ်ကာ သတိပေးသည်ကို အမှတ်ရမိသည်။

ကာမဘောဂါ၊

လူ့ချမ်းသာလည်း၊
ကင်းကွာဝေးစွ၊
သမဏ၏၊
သုခလည်းဆုံး၊
နှစ်ကျိုးဆုံးလျက်၊
ခေါင်းတုံး(ကတုံး)သာလျင်၊
အဖတ်တင်ခဲ့။။။။

ဆူဘတ်ချန္ဒရာဘို့စ်လေဆိပ်ပြည်တွင်းထွက်ခွာဆောင်တွင် မြန်မာဘန္တေကြီးတစ်ပါး ရုတ်တရက်ခေါင်း ပွတ်မိသွားသည်ကို ကျွတ်စီစီ စကားပြောနေကြသော မဇ္ဈိမသားခရီးသွားတို့ သတိပြုမိလိမ့်မည်ဟု မထင်ပါလေ..။



ဓမ္မဂင်္ဂါ

(၂၃-၁၀-၂၀၁၁)

3 comments:

မေဓာဝီ said...

ဒီပို့စ်လေးကို သိပ်ကြိုက်တယ် ဘုရား။
သံဃာတော်တွေရဲ့ ဘ၀ကိုလဲ စာနာ နားလည်မိပါတယ်။

1ashinsasa said...

လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။
ဘာသာရေးစာပေတွေကိုချည်း သင်ယူခဲ့လို့ သင်ယူခဲ့ရတဲ့စာပေအတိုင်း လက်တွေ့အသုံးချစရာ ရှိမယ်ဆိုရင် မူလနည်းစနစ်ကို ဦးဇင်းတို့ လက်ခံဖွယ်ရှိသော်လည်း ယနေ့လို ခေတ်ပညာတိုးတက် နေတဲ့အချိန်မှာ ရဟန်းတော်များရဲ့ ပညာရေးကို ဘွဲ့ဒီဂရီတွေနဲ့ တိုင်းတာနေကြလေတော့....
ငယ်စဉ်မှာ သာသနာ့ဘောင်ဝင်တာ ကောင်းတယ် ဆိုတဲ့အမြင်ဟာ အရိယာဖြစ်ခွင့်ကို စောစောစီးစီး ဖြစ်ခွင့်ရလို့ ပြောကြတာပါ...
ဒီနေ့ခေတ် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုရင်ဝတ် ဘာသာရေးစာသင်နေကြသူတို့သည် အရိယာ စောစောဖြစ်ကြပါသလားလို့ စဉ်းစားမိပါတယ်။
သူငယ်ချင်းတို့ရေ...
လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက် မဟုတ်ပေ...

1ashinsasa said...

လူဆိုသည်က ဘာသာရေးသတ္တ၀ါသက်သက်မဟုတ်ပေ..။
သင့်မြတ်လှတဲ့အတွေးလေးပါ။